Part 12
အပြင်မှာရာသီဥတုသာယာနေသည်။ နေ့လည်ဆိုပေမယ့် နေလဲပူမနေ။ ပြောရရင် မိုးရွာခါနီးအခြေအနေလို တိမ်ထူနေပြီး လေပြေအေးလဲ တိုက်ခတ်နေသည်။
ဒါပေမယ့် ရာသီဥတု မသာယာတာက သူ့ရင်ထဲမှာ။
ဘော့စ်တစ်ယောက် ဘယ်ရောက်ပြီး ဘာဖြစ်နေမှန်းမသိလို့ သူ့မှာစိတ်ဒုက္ခရောက်နေရသည်။
ဘော့စ်က နေ့လည်စာတူတူလာစားလို့ပြောပြီးကတည်းက သူ့ကိုနေ့လည်ရောက်ချိန်တိုင်း အန်ဒရူးကနေတဆင့် ထမင်းစားဖို့ခေါ်ခိုင်းတတ်သည်။
သူတစ်ခါတလေအပြင်သွားမယ်ဆိုရင်တော့ ကိုယ့်ဘာသာစားဖို့ပြောတတ်သည်။
တခါတလေ ထမင်းစားနေရင်း အလုပ်ကိစ္စ ဖုန်းတွေဘာတွေလာတဲ့အခါ ဘော့စ်ကမအားလို့စကားမပြောဖြစ်ပေမယ့် ကျန်တဲ့အချိန်ဆိုရင် သူရယ်၊ ဘော့စ်ရယ်၊ အန်ဒရူးရယ် ၃ ယောက်သား စကားနည်းနည်းပါးပြောပြီး ထမင်းစားကြတာမို့ အဆင်လည်းပြေပါသည်။
အဲဒီထမင်းအတူစားတဲ့တစ်ပတ်ကျော်လောက်မှာ ဘာပြဿနာမှမရှိ။
ဒီနေ့တော့ ဘော့စ်ကမပြောမဆိုနဲ့ နေ့လည်စာစားချိန်လောက်အပြင်ထွက်သွားသည်။
ဒီကြားထဲမှာ အလုပ်ကိစ္စနဲ့ ရုံးမှာထမင်းပြန်မစားဘူးဆိုရင်တော့ ငါအပြင်သွားနေတယ် ဆိုပြီးလောက်တော့ သူ့ကိုလှမ်းအကြောင်းကြားလေ့ရှိသည်။ ဒီနေ့က ဘာမှမပြောဘဲ ပျောက်သွားတာ။
ထမင်းစားချိန်ရောက်လို့ ဘော့စ်ကိုသွားရှာတော့ ဘော့စ်ကပြန်မရောက်သေး၊ အန်ဒရူးကိုမေးတော့လဲ သူမသိဘူးတဲ့။
ဘာလေးညာလေးများသိရမလားလို့ အစ်အောက်ပြီးမေးမလို့စဉ်းစားတော့လဲ အန်ဒရူးမျက်နှာက စူပုပ်ပုပ်နဲ့။
အဲဒါနဲ့ပဲ သူ့မှာ ၁ နာရီထိုးအထိပြန်မလာတဲ့ဘော့စ်ကိုစောင့်ရင်း ရုံးမှာ တခါတလေ ညဘက်အချိန်ပိုဆင်းရင်စားရအောင် HR မမဝယ်ထားပေးတဲ့ ခေါက်ဆွဲပြုတ်ဘူးကိုသာ ပြုတ်စားလိုက်ရသည်။
ဘော့စ်ဘယ်မှာလဲလို့ စာပို့လိုက်ရင်လဲ ထမင်းစားချင်လို့ လှမ်းမေးတယ်ဖြစ်မှာစိုးလို့ မပို့ချင်။ ၂ နာရီကျော်အထိ ပြန်မရောက်လာတဲ့ခါ သူ့မှာ စိတ်ပူတာလိုလို ဘာလိုလိုဖြစ်လာပြီး စိတ်ပြေလက်ပျောက် ရုံးခန်းအပြင်ဘက် ကော်ရစ်တာကို ထွက်လာတော့ ကော်ရစ်တာ အပြင်ဘက်မှာ ထီးထီးကြီးရပ်နေတဲ့ စံသာဖြိုးနဲ့ တိုးလေတော့သည်။
YOU ARE READING
သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေး
Romanceဘဝမှာ ဂေးဝတ္ထုဆိုလို့တစ်ပုဒ်ပဲဖတ်ဖူးတဲ့ "ငါ" က ကူးပြောင်းသွားတော့ အဲဒီဂေးဝတ္ထုထဲကိုတဲ့လား ~ Own Creation ပါ၊ Translation မဟုတ်ပါဘူးနော် ~