အပိုင်း(၄၁) Unicode

741 116 34
                                    

မနက်မိုးစင်စင်လင်းပြီဖြစ်သည်။

ရှောင်းကျန့်အိပ်ရာမှနိုးထလာသည်။

အမြင်အာရုံတို့သည်ရီဝေနေကာအချိန်အကြာကြီးတွင်းနက်ကြီးတစ်ခုထဲပြုတ်ကျသွားပြီးမှ တွင်းနှုတ်ခမ်းဝဆီသို့အသည်းအသန်ပြန်တက်လာရသူတစ်ဦးကဲ့သို့ လည်ချောင်းများခြောက်ကပ်ကာမောဟိုက်နေ​၏။

ရှောင်းကျန့် နေလို့သိပ်မကောင်းသည့်သူ့ရင်အစုံကိုလက်နဲ့အသာဖိ၍ထထိုင်ဖို့လုပ်လိုက်သည်။သို့သော်အားနည်းနေသည့်သူ့ခန္ဓာကိုယ်မှာယိုင်နဲ့သွားပြီး အိပ်ရာပေါ်သို့ပြန်လဲကျမသွားရုံတမယ်ဖြစ်သည်။

ရှောင်းကျန့်သူ့လက်ဖျံများကိုကြည့်လိုက်သည်။သူ့အသားရောင်သည်သွေးမရှိသလိုအရောင်ဖျော့နေရုံသာမက၊သာမန်ထက်ပိန်ပါးနေကာဖုတ်ကောင်တစ်ကောင်လိုဖြူစုတ်နေသည်ကိုတွေ့ရသည့်အခါအနည်းငယ် တုန်လှုပ်ခြင်းနှင့်အတူ စိတ်ထဲရှုပ်ထွေးမှုများဖြစ် ပေါ်သွား​၏။

ဘာတွေဖြစ်ခဲ့မှန်းသူရေရေရာရာမသိ။ဒီအတောအတွင်းသူ​၏စိတ်နှင့်ခန္ဓာသည်တခြားစီဖြစ်ကာ လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားခဲ့လေသလားဟုပင်ထင်မှတ်ရသည်။

"ဂွီ..."

အသံသဲ့သဲ့မြည်လာသည့်အစာအိမ်ကြောင့်ရှောင်းကျန့်သူ့ဝမ်းဗိုက်ကိုလက်ဖြင့်ဖွဖွကိုင်လိုက်သည်။သူ့အိပ်ရာနှင့်မဝေးသည့်နေရာတွင် အသီးဗန်းတစ်ခုရှိသည် ကိုတွေ့ပြီး၊အသီးများသည်သိပ်မလတ်ဆတ်တော့သော်လည်း အင်မတန်ဟာနေလွန်းသည့်ဝမ်းကြောင့်မျက်ဝန်းများအရောင်တောက်လျက် အသီးဗန်းထဲမှခပ်နွမ်းနွမ်းဇီးပန်းသီးတစ်လုံးကိုနှိုက်ယူလိုက်​၏။

လက်ထဲအသီးရောက်လာသည်နှင့်အသီးကိုရှောင်းကျန့်တစ်ကိုက်ကိုက်လိုက်သည်။နှစ်အကြာကြီးနေမှအစားပြန်စားရသလိုခံစားချက်မျိုးရမိနေလျက်၊တစ်ကိုက်ပြီးတစ်ကိုက်ကိုက်မိနေရင်း ကျို့ပင်ထိုး​ကာ သူ့ကိုယ်သူအံ့ဩနေမိသည်။

သူ့အနေနဲ့ဘယ်တုန်းကမှ ဒီလောက်အထိဆာလောင်မွတ်သိပ်ဖူးခဲ့ခြင်းမရှိသလို၊ မနက်မိုးလင်းသည်နှင့်အစားအသောက်ကိုခုံခုံမင်မင်တောင့်တဖူးခြင်းမရှိတာဖြစ်​၏။ယခုတွင်တော့ ဗန်းထဲမှာရှိနေသည့်အသီးများအားလုံးကို စားပစ်ချင်နေပြီး၊ မတင်းတိမ်နိုင်သေးသည်ကြောင့် နောက်ထပ်အသီးတစ်လုံးကိုလက်လှမ်းလိုက်စဉ် ခေါင်းမှာဆစ်ခနဲထိုးကိုက်ကာ အာရုံထဲပုံရိပ်တချို့ခပ်ရေးရေးပြန်ဝင်လာ​၏။

Ineluctable Where stories live. Discover now